တစ်ခုသောညနေခင်း……. မီးဖိုချောင်ထဲမှာ ညစာအတွက်ပြင်ဆင်နေတဲ့ သူ့အမေဆီကို ကောင်လေးတစ်ယောက်ရောက်လာပြီး သူရေးထားတဲ့ စာရွက်အပိုင်းလေးကို သူ့အမေလက်ထဲထည့်ပေးလိုက်ပါတယ်။ အမေလုပ်သူက လက်ကိုအ၀တ်နဲ့ ခြောက်အောင်သုတ်လိုက်ပြီး စာကိုဖတ်လိုက်တယ်။ စာထဲမှာရေးထားတာက…
၁။ မြက်ဖြတ်ခ (၅)ဒေါ်လာ
၂။ ဒီတစ်ပါတ် အခန်းရှင်းခ (၁)ဒေါ်လာ
၃။ အမေခိုင်းလို့ စတိုးဆိုင်သွားခ (၀.၅) ဒေါ်လာ
၎။ အမေဈေးသွားချိန် ညီလေးနားထိုင်နေပေးခ (၀.၂၅) ဒေါ်လာ
၅။ ရီပို့ကဒ်မှာ အမှတ်ကောင်းလို့ ( ၅ ) ဒေါ်လာ
၆။ ခြံဝင်းထဲ သန့်ရှင်းရေးလုပ်ပေးခ (၂.၀) ဒေါ်လာ
စုစုပေါင်း (၁၄.၇၅ ) ဒေါ်လာ
အမေဖြစ်သူက အနားမှာ မတ်တပ်ရပ်နေတဲ့သားကို ကြည့်ရင်း ဗွီဒီယိုအနှေးပြကွက်လို့ သူမစိတ်ကို ဖြတ်သန်းသွားတဲ့ သားလေးငယ်ငယ်က ပုံရိပ်တွေကို ကောင်လေးမြင်တွေ့သွားတယ်။သူမက ဘောပင်ကို ကောက်ကိုင်လိုက်ကာ စာရွက်တဘက်ကိုလှန်လိုက်ပြီး အောက်ပါအတိုင်း ချရေးလိုက်ပါတယ်။
၁။ သားကို ကိုးလလုံးလုံး ၀မ်းနဲ့လွယ်ပြီး ကြီးပြင်းလာအောင် စောင့်ရှောက်ခ….. အလကား
၂။ သားဘေးမှာထိုင် ဆေးတိုက်ပြီး မင်းနေကောင်းလာဖို့ ဆုတောင်းပေးခဲ့တဲ့ ညတွေအတွက်…. အလကား
၃။ ဒီနှစ်တွေတလျောက်လုံး သားကြောင့်ဖြစ်ခဲ့တာတွေကို ကြံကြံခံနိုင်အောင် ကြိုးစားခဲ့ရင်း ကျခဲ့တဲ့မျက်ရည်တွေအတွက်……အလကား
၎။ ရှေ့လျောက်ဖြစ်လာမဲ့အရာတွေကိုတွေးရင်း ကြောက်ရွံ့ ပူပန်ခဲ့ရတဲ့ ညတွေအတွက်…. အလကား
၅။ ကစားစရာအရုပ်၊ စားစရာ၊ အ၀တ်အထည်နဲ့ မင်းနှာရည်ယိုလာရင် သုတ်ပေးခဲ့တာတွေအတွက် …..အလကား
၆။ သားအပေါ်ထားတဲ့ အမေ့မေတ္တာပါ ပေါင်းမယ်ဆိုရင်လည်း ….အလကား
သားဖြစ်သူဟာ သူ့အမေရေးထားတဲ့စာကို ဖတ်ပြီးချိန်မှာတော့ သူ့မျက်ဝန်းက မျက်ရည်တွေ လိမ့်ဆင်းလာတယ်။ သူ့အမေကို စိုက်ကြည့်လိုက်ပြီး “အမေ့ ကို သားသိပ်ချစ်တယ် အမေရယ်” လို့ပြောလိုက်တယ်။ နောက်ပြီး ဘောက်ပင်ကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်မှာ “ အကျေရှင်းပြီး ” ဆိုတာကို စာလုံးကြီးကြီးနဲ့ ရေးလိုက်ပါတော့တယ်။
မှတ်ချက်။
၁။ ကိုယ်တိုင်မိဘမဖြစ်သေးသမျှ သင်ဟာ မိဘရဲ့ တန်ဖိုးကို သိမည်မဟုတ်ပါ။
၂။ အထူးသဖြင့် မိဘတွေနှင့် ပတ်သတ်လာရင် ပေးသူပဲဖြစ်ပါစေ၊ တောင်းသူမဖြစ်ပါစေနှင့်။ ပိုက်ဆံအပြင်
ပေးစရာတွေအများကြီး သင့်မှာရှိပါတယ်။
စူးရှ
Paid in Full ကို ဘာသာပြန်ပါသည်။