Tuesday, January 10, 2012

အကျေရှင်းပြီး



တစ်ခုသောညနေခင်း……. မီးဖိုချောင်ထဲမှာ ညစာအတွက်ပြင်ဆင်နေတဲ့ သူ့အမေဆီကို ကောင်လေးတစ်ယောက်ရောက်လာပြီး သူရေးထားတဲ့ စာရွက်အပိုင်းလေးကို သူ့အမေလက်ထဲထည့်ပေးလိုက်ပါတယ်။ အမေလုပ်သူက လက်ကိုအ၀တ်နဲ့ ခြောက်အောင်သုတ်လိုက်ပြီး စာကိုဖတ်လိုက်တယ်။ စာထဲမှာရေးထားတာက…

၁။ မြက်ဖြတ်ခ (၅)ဒေါ်လာ

၂။ ဒီတစ်ပါတ် အခန်းရှင်းခ (၁)ဒေါ်လာ

၃။ အမေခိုင်းလို့ စတိုးဆိုင်သွားခ (၀.၅) ဒေါ်လာ

၎။ အမေဈေးသွားချိန် ညီလေးနားထိုင်နေပေးခ (၀.၂၅) ဒေါ်လာ

၅။ ရီပို့ကဒ်မှာ အမှတ်ကောင်းလို့ ( ၅ ) ဒေါ်လာ

၆။ ခြံဝင်းထဲ သန့်ရှင်းရေးလုပ်ပေးခ (၂.၀) ဒေါ်လာ

စုစုပေါင်း (၁၄.၇၅ ) ဒေါ်လာ

အမေဖြစ်သူက အနားမှာ မတ်တပ်ရပ်နေတဲ့သားကို ကြည့်ရင်း ဗွီဒီယိုအနှေးပြကွက်လို့ သူမစိတ်ကို ဖြတ်သန်းသွားတဲ့ သားလေးငယ်ငယ်က ပုံရိပ်တွေကို ကောင်လေးမြင်တွေ့သွားတယ်။သူမက ဘောပင်ကို ကောက်ကိုင်လိုက်ကာ စာရွက်တဘက်ကိုလှန်လိုက်ပြီး အောက်ပါအတိုင်း ချရေးလိုက်ပါတယ်။

၁။ သားကို ကိုးလလုံးလုံး ၀မ်းနဲ့လွယ်ပြီး ကြီးပြင်းလာအောင် စောင့်ရှောက်ခ….. အလကား

၂။ သားဘေးမှာထိုင် ဆေးတိုက်ပြီး မင်းနေကောင်းလာဖို့ ဆုတောင်းပေးခဲ့တဲ့ ညတွေအတွက်…. အလကား

၃။ ဒီနှစ်တွေတလျောက်လုံး သားကြောင့်ဖြစ်ခဲ့တာတွေကို  ကြံကြံခံနိုင်အောင် ကြိုးစားခဲ့ရင်း ကျခဲ့တဲ့မျက်ရည်တွေအတွက်……အလကား

၎။ ရှေ့လျောက်ဖြစ်လာမဲ့အရာတွေကိုတွေးရင်း ကြောက်ရွံ့ ပူပန်ခဲ့ရတဲ့ ညတွေအတွက်…. အလကား

၅။ ကစားစရာအရုပ်၊ စားစရာ၊ အ၀တ်အထည်နဲ့ မင်းနှာရည်ယိုလာရင် သုတ်ပေးခဲ့တာတွေအတွက် …..အလကား

၆။ သားအပေါ်ထားတဲ့ အမေ့မေတ္တာပါ ပေါင်းမယ်ဆိုရင်လည်း ….အလကား

သားဖြစ်သူဟာ သူ့အမေရေးထားတဲ့စာကို ဖတ်ပြီးချိန်မှာတော့ သူ့မျက်ဝန်းက မျက်ရည်တွေ လိမ့်ဆင်းလာတယ်။     သူ့အမေကို စိုက်ကြည့်လိုက်ပြီး “အမေ့ ကို သားသိပ်ချစ်တယ် အမေရယ်” လို့ပြောလိုက်တယ်။ နောက်ပြီး ဘောက်ပင်ကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်မှာ “ အကျေရှင်းပြီး ” ဆိုတာကို  စာလုံးကြီးကြီးနဲ့ ရေးလိုက်ပါတော့တယ်။

မှတ်ချက်။

၁။ ကိုယ်တိုင်မိဘမဖြစ်သေးသမျှ သင်ဟာ မိဘရဲ့ တန်ဖိုးကို သိမည်မဟုတ်ပါ။

၂။ အထူးသဖြင့် မိဘတွေနှင့် ပတ်သတ်လာရင် ပေးသူပဲဖြစ်ပါစေ၊ တောင်းသူမဖြစ်ပါစေနှင့်။ ပိုက်ဆံအပြင်

ပေးစရာတွေအများကြီး သင့်မှာရှိပါတယ်။



စူးရှ
                                                                                                                                                    Paid in Full ကို ဘာသာပြန်ပါသည်။

ကိုယ်ပိုင်တန်ဖိုး

 
 
လူသိများတဲ့ ဟောပြောသူတစ်ယောက်ဟာ တစ်ထောင်တန်တစ်ရွက်ကို အပေါ်မြှောက်ပြီး
ဟာပြောပွဲကို စတင်လိုက်ပါတယ်။လူနှစ်ရာလောက်ဆန့်တဲ့ အခန်းထဲမှာ
သူက “ဒီပိုက်ဆံတစ်ထောင်ကို ဘယ်သူလိုချင်သလဲ” ဟု မေးလိုက်ပါတယ်။
လက်တွေအပေါ်ကို မြှောက်တက်လာကြတယ်။ “ကျနော်က ဒီပိုက်ဆံကို ဟောဒီက ခင်ဗျားတို့ထဲက 
တစ်ယောက်ကို ပေးမှာပါ။ ဒါပေမဲ့ ဒီလိုတော့ကျနော်ကိုလုပ်ခွင့်ပေးပါ” ဟု ဆိုကာ ပိုက်ဆံကို လုံးခြေပစ်လိုက်တယ်။
အဲဒီနောက် သူက ထပ်မေးပြန်တယ်။ “ဘယ်သူလိုချင်သေးလဲဗျာ….” လက်တွေက အပေါ်မြှောက်တက်လာနေတုန်းပဲ။

“ကောင်းပြီး..ဒီလိုလုပ်ပစ်မယ်ဆိုရင်ကောဗျာ”…လို့ပြောပြီး
ပိုက်ဆံကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး ရှုးဖိနပ်နှင့် နှင်းခြေပစ်လိုက်တယ်။ သူက တွန့်ကြေပြီး
ညစ်ပတ်နေတဲ့ပိုက်ဆံကို ကောက်ယူလိုက်တယ်။ “ကဲ အခုရော ဘယ်သူလိုချင်သေးတုန်း…” လက်တွေက
လေထဲမှာ မြောက်လာနေတုန်းပဲ။
“ကဲ မိတ်ဆွေတို့….ခင်ဗျားတို့ဟာ
အလွန်အင်မတန်အဖိုးတန်တဲ့ သင်ခန်းစာတစ်ခုကို ရလိုက်ပါပြီ။ ပိုက်ဆံကို ကျနော်ဘယ်လိုပဲ
လုပ်ပြစ်နေပါစေ ခင်ဗျားတို့ဟာ “ဒီပိုက်ဆံကို လိုချင်နေကြတုန်းပဲ။ ဘာကြောင့်လဲဆိုရင်
တန်ဖိုးအနေနဲ့ လျော့ကျမသွားသေးလို့ ဖြစ်တယ်။ ဒါက တစ်ထောင်တန်နေတုန်းပဲ”။
“ကျွန်တော့တို့ဘ၀တွေမှာလည်း
ကျွန်တော်တို့ရဲ့ဆုံးဖြစ်ချက်တွေ ၊တွေ့ကြုံလာတဲ့အခြေအနေတွေကြောင့် ကျနော်တို့ အကြိမ်ကြိမ်လဲကျ၊
ညစ်ထေးတွန့်ကြေ ဖူးကြပါတယ်။ ကျနော်တို့ဟာ ဘာမှသုံးစားမရတော့ဘူးလို့တောင် ခံစားရပါတယ်။
      ဒါပေမယ့် ဒီနေ့ကစလို့ ခင်ဗျားတို့အရင်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ရှေ့လျောက်ဘာတွေပဲ ကြုံလာရပါစေ ခင်ဗျားတို့ရဲ့ တန်ဖိုးတွေကို အဆုံးရှုံးမခံကြပါနဲ့ ။
ခင်ဗျားတို့ဟာ တန်ဖိုးရှိကြပါတယ်။ ဒါကိုတော့ မေ့မပြစ်ကြပါနဲ့!!!။ အတိက်ကဖြစ်ခဲ့တဲ့
စိတ်ပျက်စရာတွေက အနာဂတ်ရဲ့အိပ်မက်(ပန်းတိုင်)တွေကိုတော့ အရိပ်ထင်လွှမ်းမိုးနေတာမျိုးတော့
မဖြစ်ပါစေနဲ့ဗျာ…"


 
စူးရှ
 
Know your true value ကိုဘာသာပြန်ပါသည်။

ပဲ့တင်သံပမာ တုန့်ပြန်မှာ

သားအဖနှစ်ယောက် တောင်ကျိုတောင်ကြားတွေထဲမှာ လမ်းလျောက်နေတယ်။ သားဖြစ်သူဟာ ရုတ်တရတ် လဲကျသွားပြီး နာကျင်လွန်းတာကြောင့် “အား” လို့ အော်လိုက်မိတယ်။


“အား” လို့အော်လိုက်တဲ့ အသံဟာ တောင်ရဲ့တစ်နေရာက ထပ်တလဲလဲကြားနေတဲ့အတွက် သူအံအားသင့်သွားခဲ့တယ်။ “မင်းဘယ်သူလဲ” လို့ သိချင်စိတ်နဲ့ သူက အော်လိုက်ပြန်တယ်။ “မင်းဘယ်သူလဲ” ဆိုတဲ့ အသံကို သူထပ်မံကြားရပြန်တယ်။
ဒါနဲ့ သူက“သရဲဘောကြောင်တဲ့ကောင်”လို့် အော်လိုက်ပြန်တော့ “သရဲဘောကြောင်တဲ့ကောင်” ဆိုတဲ့အသံကို ထပ်ကြားလိုက်ရလို့ သူစိတ်ဆိုးသွားတယ်။
“ဘယ်လို့ဒီလိုဖြစ်တာလဲ” လို့ သူ့အဖေကိုကြည့်ပြိး မေးလိုက်တော့ အဖေဖြစ်သူက “သား သေချာ နားစိုက်ထောင်ကြည့်ပါဦး” လို့ ပြုံးပြီးပြောလိုက်တယ်။ နောက်ပြီး တောင်တွေဘက်ဆီလှည့်ပြိး “ငါမင်းကို ချစ်တယ်” အော်လိုက်ပြန်တယ်။ “ငါမင်းကို ချစ်တယ်” ဆိုတဲ့အသံဟာ ပြန်လာတယ်။ မင်းဟာ ချန်ပီယံ လို့အော်လိုက်တော့ “မင်းဟာ ချန်ပီယံ” လို့ ပြန်ကြားရတယ်။ကောင်လေးက အံသြသွားတယ်။ ဒါပေမဲ့ ဘာကြောင့်ဒီလို ကြားနေရတာလဲဆိုတာကိုတော့ မသိခဲ့ဘူး။
“ လူတွေက အဲဒီလို အသံတွေကို ပဲ့တင်သံလို့ ခေါ်တယ်သားရဲ့။ ဒါပေမဲ့ အဲဒါဟာ ပဲ့တင်သံမဟုတ်ဘူး တကယ်တော့ ဒါဟာ ဘ၀ပဲသားရဲ့.. သားလုပ်ခဲ့သမျှ ကာယကံ၊ ၀စီကံတွေဟာ သားဆီ တနေ့ပြန်လာတာပဲ။ ဘ၀ဆိုတာ ဖေဖေတို့ လုပ်ခဲ့ပြုခဲ့သမျှတွေ အားလုံးရဲ့ရောင်ပြန်ဟပ်မှု တစ်ခုပဲ သား… “လောကမှာ မေတ္တာတရားကို ပိုလိုချင်တဲ့သူဟာ ကိုယ့်နှလုံးသားမှာ မေတ္တာတရားကို ပိုပြီးမွေးမြူရမယ်။ ကိုယ့်အဖွဲ့အစည်းကို လုပ်ရည်ကိုင်ရည်နဲ့ ကျွမ်းကျင်မှုရှိလာစေချင်ရင် ကိုယ်ရဲ့ကျွမ်းကျင်မှုကို အရင်တိုးတက်အောင်လုပ်ရတယ်။ ဒီဆက်နွယ်မှုတွေဟာ ဘ၀ရဲ့ ရှုထောင့်အားလုံးအပေါ် အကျိုးသက်ရောက်မှုရှိနေကြတယ်ဆိုတာပဲ။ ဘ၀ဟာ သားပေးခဲ့သမျှတွေအားလုံး ကို ပြန်ပေးလိမ့်မယ်” လို့ အဖေဖြစ်သူက ရှင်းပြတယ်။ 

 စူးရှ
(Life Is an Echo ကို  ဘာသာပြန်ပါသည်)

ဖန်ခွက်ကို ချထားလိုက်ပါ

 
တစ်ခါက ပါမောက္ခတစ်ယောက်ဟာ
ရေအတော်အတန်ထည့်ထားတဲ့ ဖန်ခွက်တလုံးကို ကိုင်မြောက်ပြီး စာသင်ခန်းကို
စတင်လိုက်တယ်။ အားလုံးမြင်သာအောင် အပေါ်မြှောက်ပြလိုက်ပြီး “ အခု
ဆရာမင်းတို့ကိုမေးချင်တာက မိနစ်အနည်းငယ်လောက် ဒီခွက်ကို ဆရာမြှောက်ထားမယ် ဆိုရင်
ဘာဖြစ်မလဲ” လို့ ကျောင်းသားတွေကိုမေးလိုက်တယ်။ 
“ဘာမှမဖြစ်ပါ ဆရာ” လို့
ကျောင်းသားတွေက ဖြေတယ်။ ကောင်းပြီး ဒါဆို တစ်နာရီလောက်
ဒီအတိုင်းကိုင်ထားမယ်ဆိုရင်ရော လို့ ဆရာက ထပ်မံမေးလိုက်ပြန်တယ်။ 

 “ဆရာလက်တွေ ညောင်းလာမှာပေါ့” လို့
ကျောင်းသားတယောက်က ဖြေတယ်။   
“သိပ်မှန်တာပေါ့ ကဲအခု ဒါကို တစ်နေလုံး
ကိုင်ထားမယ်ဆိုရင်ရော ဘာဖြစ်မလဲ”  
“ဆရာလက် ထုံကျင်လာမယ် ကြွက်သားတွေတုံ့ဆိုင်းနာကျင်ပြီး
ဆေးရုံသွားရမှာတော့ အသေအချာပဲ” လို့ တခြားတစ်ယောက်ကလှမ်းနှောက်လိုက်တော့
ကျောင်းသားတွေအားလုံး ရယ်မောကြတယ်။
“သိပ်ကောင်းတဲ့ အဖြေပဲ… ဒီလိုဆို
ဒီအချိန်အတောအတွင်း ဖန်ခွက်ရဲ့ အလေးချိန်ကရော ပြောင်းသွားလား” လို့ ဆရာက
ထပ်မံမေးလိုက်ပြန်တယ်။
“မပြောင်းပါဘူးဆရာ” လို့
ကျောင်းသားအားလုံးက ပြန်ဖြေတယ်။
“ဒါဆို ဘာလို့လက်တွေနာပြီး
ကြွက်သားတွေ ညောင်းလာရတာလဲ” ဆရာက စကားကိုခဏရပ်လိုက်ပြီး “ဆရာလက် ညောင်းကိုက်မလာခင်
ဆရာဘာလုပ်သင့်လဲ” လို့ ဆရာက မေးလိုက်တယ်။ 
ကျောင်းသားတွေ စဉ်းစားကြတယ်။“ဖန်ခွက်ကို
ချထားလိုက်ပေါ့ ဆရာရဲ့” လို့ 
ကျောင်းသားတစ်ယောက်က ဖြေတယ်။ 
“သေချာတာပေါ့ကွာ.. ဘ၀မှာ ကြုံလာသမျှပြသနာတိုင်းဟာလည်း
ဒါနဲ့ထပ်တူပဲ ။ ပြသနာဆိုတာကို မင်းတို့ရဲ့ ခေါင်းထဲမှာ ခဏပဲထည့်ထားကြည့်
ဘာမှမဖြစ်သယောင်ထင်နေရမယ်။ အေး ဒါပေမဲ့ အချိန်အကြာကြီး ခေါင်းထဲထည့်ထားမယ်ဆိုရင်တော့
မင်းတို့ခေါင်းတွေကိုက်လာမယ်။ ဒီထပ်နည်းနည်းကြာအောင် ထည့်ထားဦးမယ်ဆိုပါစို့။
မင်းတို့တွေလေးလံထုံ့မှိုင်းပြီး ဘာမှ လုပ်နိုင်တော့မှာမဟုတ်ဘူး” လို့ ဆရာက
ပြောလိုက်တယ်။
(
ပုံပြင်လေးကတော့ ဒီနေရာမှာ အဆုံးသတ်သွားပါပြီး ဒါပေမဲ့  အတွေးကတော့ အဆုံးမသတ်သေးဘူးခင်ဗျ….)
အထက်က ပုံပြင်ကနေ ရိုးရှင်းပြီး အလွန်အံ့သြစရာကောင်းတဲ့
အသိတခုကို ရလိုက်ပါတယ်။ ကျနော်တို့မှာရှိတဲ့ ပြသနာတွေဟာ သူ့အတိုင်းဆိုရင် သိပ်ကိစ္စမရှိပေမဲ့
ဒါတွေကို ထွက်သွားခွင့်မပြုဘဲ ထားလိုက်မယ်ဆိုရင်တော့ တကယ့်ပြသနာတွေဖြစ်လာပါလိမ့်မယ်။
ပြသနာတစ်ခု( လူ သို့မဟုတ် အခြေအနေတခု) ကို စိုးရိမ်နေခြင်းဟာ
ကျနော်တို့မျှော်လင့်ထားတဲ့ ကောင်းမွန်တဲ့ ရလဒ်တခုကို ပေးစွမ်းနိုင်မှာ
မဟုတ်တာကိုတော့ ကျနော်တို့အားလုံး သိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့
အချိန်တိုင်းလိုလိုမှာ ကျနော်တို့ဟာ ပြသနာကို တွေးပြိး ပူပန်နေကြတယ်။ ဒါဟာ ပြသနာကိုပိုပြီးကြီးလာစေတဲ့အပြင်
ကျနော်တို့ အနီးမှာရှိနေတဲ့ လူတွေနဲ့ ပတ်ဝန်းကျင်ကိုပါ သက်ရောက်မှုရှိနေပါတယ်။
ဖန်ခွက်ကိုချထားလိုက်ပါ ဆိုတာဟာ
အလွန်အရေးကြီးတဲ့ အလုပ်တခုဖြစ်တယ်။ကျနော်တို့ရဲ့ နေ့စဉ်ဘ၀ တွေမှာ  အမြဲတမ်းလုပ်နေရမဲ့ အရာတခုလည်းဖြစ်တယ်။
အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် ပြသနာတစ်ခု ရှိလာပြီဆိုရင်
အမြဲတမ်းသူအလိုလို ထွက်သွားစေခြင်းဟာ အရေးအကြီးပါတယ်။ ဒီလိုဆို ကျနော်တို့ဟာ
ဘ၀မှာနေပျော်လာမှာပါ။ တစ်ခုခုကို ဆုပ်ကိုင်ခြင်းဟာ ပြသနာကို  ကြီးသထက်ကြီးလာစေရုံပဲ ရှိပါတယ်။
ထွက်သွားခွင့်ပြုလိုက်ခြင်းသာလျှင် မလိုအပ်တဲ့စိတ်ဖိစီးမှုတွေ မရရှိတော့ပဲ  စိတ်ဟာ သက်တောင့်သက်သာဖြစ်ပြီး
ဘ၀ရဲ့  တခြားအရေးပါတဲ့နေရာတွေကို အာရုံစူးစိုက်နှစ်မြုပ်ဖို့ အသင့်ရှိနေမှာပဲ ဖြစ်ပါတယ်။
 
စူးရှ
Put Down The Glass ကို ဘာသာပြန်ပါသည်။