Tuesday, December 29, 2015

ကျွန်တော်ခေသူမဟုတ်‬ (၁)



      ၁၀တန်းဖြေပြီးစ ၂၀၀၂ခုနှစ် ဇွန်လဆန်းပိုင်းမှာ ရန်ကုန်မြေကို ကျွန်တော်ပထမဦးဆုံးအကြိမ် စတင်ခြေချခွင့်ရခဲ့ပါတယ်။ အသိတချို့က ရန်ကုန်မှာအလုပ်လုပ်နေကြလို့ ရွာကနေတက်လာကြတာ။ ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းရယ်။ မြောက်ဥက္ကလာပ အ၀ိုင်းနား ငမိုးရိမ်ချောင်းနံဘေးက ငါးပိ၊ငါးခြောက်နဲ့ ငံပြာရည်ထုပ်တဲ့ စက်ရုံတစ်ခုမှာ…ရောက်ကတည်းက ခေါင်းမူးပျို့အန်ဖြစ်လို့။ ထမင်းစားလို့လည်းမရ၊ မရဆို ဘယ်နေရာသွားသွား ရှုလိုက်တဲ့လေထဲမှာ ငါးညှီနံတွေ၊ ငံပြာရည်နံတွေအပြည့်ကိုး။ တစ်လမ်းလုံး အဲလိုအနံတွေချည်းပဲ။ ကျွန်တော်တို့တောမှာ ရှုရှိုက်ရတဲ့ သန့်ရှင်းလတ်ဆက်တဲ့လေ၊ အေးမြလန်းဆန်းတဲ့လေ ဆိုတာ ဘယ်နားသွားရှုလို့ ရမှန်းလည်းမသိ။ လမ်းထဲမှာ သွားလာနေထိုင်နေကြသူတွေကတော့ ဘာအနံမှ မရသလိုမျိုး သွားလို့လာလို့ နေထိုင်လို့။
ရောက်ပြီးသုံးရက်မြောက်နေ့မှာတော့ သူငယ်ချင်းအဖော်က ရွှေတိဂုံကို သွားဖူးဖို့ပြောတာနဲ့ နှစ်ယောက်သားအပြင်ကို ထွက်လာခဲ့ကြတယ်။သူက ကျွန်တော့်အရင် ရန်ကုန်ကို တစ်ခေါက်ရောက်ဖူးပြီးသား။ ကျွန်တော်ထက် ပိုလည်တယ်လို့ ပြောရမှာပေါ့။ ဒီတော့ သူကခေါင်းဆောင်၊ကျွန်တော်က နောက်လိုက်။ လမ်းလျှောက်စကားပြောလာနေရင်းကနေ သူကပြောတာ သူလည်း လိုင်းကားစီးတာ သိပ်မကျွမ်းဘူး။ အရင်တစ်ခေါက်က သူများလိုက်ပို့လို့ ရွှေတိဂုံကိုရောက်တာ၊ အဲတုန်းက ၃ကားစီးပြီး ဗဟန်း(၃)လမ်းမှတ်တိုင်မှာဆင်း၊ လမ်းနည်းနည်းလျှောက်ရင် ရွှေတိဂုံကို ရောက်တယ်လို့ ဆိုတယ်။ ဒါနဲ့ ကားမှတ်တိုင်ကိုရောက်ပြီး ၃ကားကို စောင့်ကြပါတယ်။ နာရီဝက်ကျော်လည်း ရောက်မလာ၊ တစ်နာရီနီးပါးစောင့်လည်း ရောက်မလာပါ။ (ရောက်မလာဆို (၃)ကားလိုင်းက မြောက်ဥက္ကလာဘက်ဆီ မပြေးဆွဲဘူးလေ… ဒါလည်းနောက်မှ သိရတာပါ။) တခြားကားတွေ ကားမှတ်တိုင်တွေရွတ်ရင်း ဘယ်ရောက်မယ်၊ညာရောက်မယ်လို့ အော်လည်း တက်မစီးရဲကြပါ။ တခြားဝေးတဲ့နေရာကို ရောက်သွားပြီး ပြန်မလာတက်မှဖြင့် ဆိုပြီး စိုးရိမ်နေကြတယ်။ သူငယ်ချင်းကို ရွှေတိဂုံက ဘယ်ဘက်မှာလည်းမေးတော့ မြေနည်းနည်းမြင့်တဲ့ နေရာလေးကို ကျွန်တော့်ကိုခေါ်သွားပြီး ပြပါတယ်။ “ ဟိုးမှာ တွေ့လား… အဲဒါရွှေတိဂုံဘုရားပေါ့” လို့ သူကပြောတော့ ကျွန်တော်လှမ်းကြည့်လိုက်ပြီး ခဏစဉ်းစားလိုက်တယ်။ နောက်ပြီး ကျွန်တော်သူ့ကို ကြည့်ရင်း ပြောလိုက်မိတယ်။ “ ဒါဆို သိပ်မဝေးဘူးပဲ…ငါတို့ခြေလျင်လျှောက်ရအောင်ကွာ။ နာရီဝက် တစ်နာရီလောက်ဆို ရောက်လောက်ပါတယ်။ ငါတို့ရွာမှာ လယ်တောနဲ့ ရွာနဲ့ နှစ်ပြန်သုံးပြန်လောက်ပဲ လျှောက်ရမှာပါကွာ…. နောက်ပြီး မင်းကလည်း ဘယ်လိုင်းကားစီးပြီး ဘယ်လိုပြန်ရမှန်းလည်း မသိတော့ အဲလိုပဲ လုပ်ကြတာပေါ့ လို့ ကျွန်တော်က ဆိုတော့ သူက သဘောတူပါတယ်။ ကျွန်တော်က ကားလမ်းအတိုင်းလျှောက်ပြီး မျဉ်းကြားမကူးတက်လို့ ရဲဖမ်းခံရမှာစိုးရိမ်ရတယ်။ အဲဒီလိုနဲ့ ရွှေတိဂုံဘုရားရှိရာအရပ်ဆီနမှန်းပြီး ငါတို့ ဒီအတိုင်းဖြတ်သွားရအောင်ဆိုပြီး သွားလိုက်ကြတာ။ တစ်လမ်းဝင် တစ်လမ်းထွက်၊တရပ်ကွက် တရပ်ကွက်ထွက် လမ်းလျောက်လိုက်ကြတာ တစ်နာရီကြာလို့လည်း မြောက်ဥက္ကလာထဲက မထွက်နိုင်သေး။နှစ်နာရီကြာလည်း မြောက်ဥက္ကလာမြို့နယ်ထဲပဲ ရှိနေကြတယ်။ မောပန်းပြီးရေကလည်းဆာ၊ဗိုက်ကလည်းဆာတာနဲ့ လမ်းဘေးဆိုင်တစ်ခုမှာ ထမင်းဝင်စားလိုက်ကြတယ်။ ဆိုင်ရှင်ကို အကျိုးအကြောင်းပြောပြီး မေးကြည့်တော့မှ အဲဒီလို လမ်းလျှောက်သွားလို့ အဆင်မပြေတဲ့အကြောင်း၊ ရောက်ဖို့အဝေးကြီးလိုနေသေးကြောင်း၊ ဘယ်ကားစီးသွားရင် ရောက်ကြောင်း လမ်းညွှန်လိုက်တယ်။ ဒါနဲ့ နှစ်ယောက်သား စိတ်ဓာက်ကျ ပင်ပန်းပြီး မသွားဘဲ ပြန်လှည့်ရအောင်ကွာဆိုတော့ အေးကွာ…. ပြန်ရအောင်ဆိုပြီး ပြန်လာခဲ့ပါတယ်။မနက်(၉)နာရီ အိမ်မှထွက်လာခဲ့ပြီး နေ့လည်(၂)နာရ်ီမှ အိမ်ပြန်ရောက်ခဲ့ပေမယ့် ဘယ်နေရာမှာမှ မရောက်ဖြစ်ခဲ့ပါ။
အဲဒီလိုအကြောင်းတွေကြောင့်……………..
ကျွန်တော်….ခေသူမဟုတ်ပါ… 

Wednesday, December 2, 2015

#‎ဆီဆာရှားဗက်‬ (civil rights activist)


#‎ဆီဆာရှားဗက်‬ (civil rights activist)

ဆီဆာရှားဗက်ဟာ လက်တင်အမေရိကသားဖြစ်ပြီး နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တယ်။ နိုင်ငံလုံးဆိုင်ရာ လယ်ယာလုပ်သားများအစည်းအရုံး (နောက်ပိုင်းမှာ ညီညွတ်သောလယ်ယာလုပ်သားများအဖွဲ့) ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ၁၉၅၂-၁၉၇၆ ခုနှစ်အတွင်းမှာ လက်တင်အမေရိကသားတို့၏ နိုင်ငံသားအခွင့်အရေးလှုပ်ရှားတဲ့ စီအက်စ်အို (CSO) တစ်ခုမှာ စည်းရုံးလှုပ်ဆော်သူတစ်ဦးဖြစ်တယ်။
၁၉၆၅ခုနှစ် စက်တင်ဘာလ၊ ကယ်လီဖိုးနီးယားပြည်နယ် ဒီလန်နိုဒေသ စပျစ်ခြံမှာ အလုပ်လုပ်နေကြတဲ့ ဖီလစ်ပိုင်-အမေရိကန်လုပ်သားများက စတင်လိုက်သော ဒီလန်နိုစပျစ်ခြံလုပ်သားများ သပိတ်ဟာ လစာနည်းပါးမှု၊ ထောက်ပံမှုအလုံအလောက်မရခြင်းကြောင့် လစာတိုးမြှင့်တောင်းဆိုခဲ့ရာ အလုပ်ရှင်နဲ့အာဏာပိုင်တို့က သဘောမတူသဖြင့် ဒီလန်နိုမှ ကယ်လီဖိုးနီးယားပြည်နယ်မြို့တော်ဖြစ်တဲ့ စခရမ်မန်တို (Sacramento) သို့ လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီချီတက်ဆန္ဒပြမှုမှာ ရှားဗက်က ဦးဆောင်ပါဝင်ခဲ့ပါတယ်။
ဆန္ဒပြမှုက တက္ကဆက်ပြည်တောင်ပိုင်း သစ်သီးခြံလုပ်သားများထံသို့ ကူးဆက်သွားပြီး လုပ်သားများက တက္ကဆက်ပြည်နယ်၊ စတားကောင်တီ (Starr County) မှ အော်စတင်မြို့သို့ လမ်းလျှောက်ချီတက် သပိတ်မှောက်ကြသည်။ ထိုသပိတ်မှောက်ပွဲတွင်လည်း ရှားဗက်က လယ်ယာလုပ်သားများအခွင့်အရေးအတွက် ဦးဆောင်ပံပိုးခဲ့တယ်။
ရှားဗက်က လုပ်ခလစာနည်းပါးသော အလုပ်သမားတို့၏ဘ၀ကို မီဒီယာအကူအညီရယူပြီး လူအများသိရှိလာအောင် လုပ်ဆောင်သည်။ လက်ကမ်းကြော်ငြာများဝေငှပြီး စပျစ်ဝိုင်များကို ဖောက်သည်များဝယ်ယူသုံးဆောင်ခြင်းမပြုအောင် ကန်ပိန်းများပြုလုပ်ခဲ့သည်။နေရာအနှံတွင် အလုပ်သမားအခွင့်အရေးမိန့်ခွန်းဟောပြောခြင်းများလုပ်ဆောင်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့မှုမှာ အောင်မြင်သည်ဟုဆိုရပေမည်။ တစ်နိုင်ငံလုံး၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ယူအက် ဆီးနိတ် ကော်မတီ၏ အဖွဲ့ခွဲဖြစ်သော အလုပ်သမားနှင့်ပြည်သူ့အကျိုးစီးပွါးဆပ်ကော်မတီမှ ဆီးနိတ်တစ်ယောက်ဖြစ်သော ရောဘတ် အက်ဖ် ကင်နေဒီက သပိတ်မှောက် အလုပ်သမားများကို ထောက်ခံကြောင်းပြသခဲ့သည်။
နောက်ပိုင်းတွင် သပိတ်အချိန်မှာ ပြင်းထန်လာပြီး ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါမှာ လယ်ယာလုပ်သား ငါးသောင်းခန့် ပါဝင်လာပြီး အဖွဲ့ဝင်တစ်သောင်းငါးထောင်အထိ ရှိလာသည်။ ဆီဆာရှားဗက်သည် အာဏာပိုင်များက တောင်းဆိုမှုများကို သဘောမတူမချင်း အကြမ်းမဖက်လှုပ်ရှားမှု စတင်ကာ ၂၅ ရက်တိုင်တိုင် အစာငတ်ခံတောင်းဆိုမှုပြုလုပ်သည်။ ရှားဗက်၏ (Yes, one can or Yes, it can be done) ဆိုသော ဆောင်ပုဒ်မှာ လူအများကြားတွင် ရေပန်စားလာသည်။ အကြမ်းမဖက်လှုပ်ရှားမှုမှာ အရီဇိုးနားပြည်နယ်အထိပျံနှံသွားပြီး သီးနှံများဆွတ်ခူးချိန်တွင် လုပ်ငန်းခွင်မ၀င်ဘဲ ဆန္ဒပြခဲ့သည်။ နောက်ပိုင်းတွင် အလုပ်ရှင်များက အာဏာပိုင်များက တောင်းဆိုချက်များကို လိုက်လျောပေးခဲ့ကြသည်။ ရှားဗက်၏ လုပ်ဆောင်မှုများကို ဂုဏ်ပြုသောအားဖြင့် ကယ်လီဖိုးနီးယား၊ ကော်လိုရာဒိုနှင့် တက္ကဆက်ပြည်နယ်တို့တွင် ရှားဗက်၏ မွေးနေ့ဖြစ်သော မတ်လ ၃၁ ရက်နေ့ကို ဆီဆာရှားဗက်နေ့အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
ဆီဆာရှားဗက်၏ ဆောင်ပုဒ်ဖြစ်သော (Yes, one can or Yes, it can be done) အား ၂၀၀၈ခုနှစ်တွင် ဘားရက်အိုဘားမားက သမ္မတရာထူး ကမ်ပိန်းတွင် (Yes, We Can!!!) ဟုပြောင်းလဲအသုံးပြုပြီး မဲဆွယ်ခဲ့ရာ အောင်မြင်မှုရခဲ့ပါသည်။)
Maurice
(2.12.2015)
5:18PM

စာစုစာရင်း



စာအုပ်တွေကလည်း ၀ယ်လိုက် စုလိုက် ပျောက်လိုက်ပဲ...တခြားအရာသာအလုပ်ရမနေနိုင်ပေမယ့် စာအုပ်ဆိုရင်တော့ မ၀ယ်ရ မနေနိုင်တဲ့ကောင်...
စားစရာမရှိလို့ သွားဝယ်တာ စာအုပ်ဝယ်ပြီးပြန်လာတဲ့ကောင် ... ပိုက်ဆံဘာညာ ချေးငှါးမိလို့ မေ့ကောင်းမေ့ပေမယ့် စာအုပ်ငှါးမိထားရင် ဘယ်တော့မှမမေ့ဘဲ မှတ်မိနေတဲ့ကောင်....ဒီတခါတော့ စာအုပ်စာရင်းလေးလုပ်ထားရင်ကောင်းမှာပဲလို့ တွေးမိတယ် ဒါကြောင့် ဒီလိုမှတ်တမ်းလေးလုပ်ထားကြည့်တာ ၀ယ်ပြီးမဖတ်ဖြစ်တဲ့စာအုပ်တွေလည်းရှိတယ် နောက်ဆိုရင်ဘယ်ဟာတွေတော့ ဖတ်ပြီးပြီ ..ဘယ်ဟာတွေတော့မဖတ်ရသေးဘူး အဲလိုပါတွဲမှတ်ထားမယ် စိတ်ကူးတယ်... စာကိုစနစ်တကျဖတ်တဲ့အလေ့အကျင့်လည်း ပြန်လုပ်နေတယ်...ဖတ်ပြီး အကျိုးအကြောင်းချင့်ချိန်နိုင်စွမ်းလည်း ခုထက်ပိုပီးလုပ်ဖို့လိုနေတယ်လို့လဲ တွေးတယ်...ပြန်ရေးတဲ့ဘက်လည်း နည်းနည်းချင်းလုပ်ရမယ်...သိထားပြီးသာလူတွေလည်း မဖတ်ချင်မမြင်ချင်ရင် ကျော်သွားကြပေါ့..အဲလိုမှမပြေသေးရင် ဘလော့ကြပါ...အားမနာပါနဲ့.......
စာအုပ်တွေ စာရင်းလုပ်ထားတယ်..ဖတ်ချင်ရင်ငှါးပေးပါတယ် ရက်အကန့်အသတ်နဲ့ပေါ့....
၁။ ဗန်းမော်တင်အောင် ၀ထ္တုတိုများ
၂။ ခင်ခင်ထူး ပန်းစည်းကြိုး
၃။ မင်းခက်ရဲ မြန်မာလူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ယဉ်ကျေးမှုနှင့် လူ့အခွင့်အရေးပြဿနာများ
၎။ ဘိုးလှိုင် နာမည်ကျော်ကြားဂန္တ၀င်စကားများ
၅။ ကျော်ဝင်း မြန်မာ့နိုင်ငံရေးနှင့် တတိယလှိုင်းအတွေ့
၆။ နန္ဒသူ မုန်းချစ်သံသရာ ဟိုဘက်မှာ
၇။ အံမောင် ခင်စိတ္တ အန်ဒါဆင်းပုံဝတ္ထုများ
၈။ ကြည်အေး နွမ်းလျှအိမ်ပြန်
၉။ ပါမောက္ခ ခင်မောင်ဝင်း ခရီးသွားမှတ်တမ်း
၁၀။ ညိမ်းချမ်း အလေ့အထ ၇သွယ်ဖြင့်ရှင်သန်နေထိုင်ခြင်း
၁၁။ အက္ခရာလမ်း ကဗျာ အရေးအသား(လူစုံ)
၁၂။ ဦးဘခိုင် မြန်မာ့နိုင်ငံရေးရာဇ၀င်
၁၃။ MKS နိုင်ငံတော် တည်ဆောက်ခြင်း
၁၄။ အောင်သူရ အိုရှိုး၏သူပုန်ကျမ်း
၁၅။ မြသန်းတင့် မိန်းမတို့အကြောင်း
၁၆။ ရာဘန့် အမေရိကန်တစ်ဦး၏ဘဝ
၁၇။ တရားခွင်ပေါ်မှ ရှုမြင်ချက်များ
၁၈။ အောင်သင်း နှလုံးသားကိုလေးပေါ်တင်ပစ်လိုက်
၁၉။ မောင်ထင် မြင်ဝါတောင်
၂၀။ မန်းတင် သံကြီး တမန်ကြီး
၂၁။ မိုးမိုးအင်လျား ၀တ္ထုတိုများ
၂၂။ နန္ဒသူ နှင်းပွင့်တိုင်းပြည်
၂၃။ ဆရာကြီးရွှေဥဒေါင်း၏ ဘာသာရေးခံယူချက်
၂၄။ စံပယ်ဖြူမဂ္ဂဇင်းများ
၂၅။ ချင်းတွင်းမဂ္ဂဇင်းများ
၂၆။ စတိုင်သစ်မဂ္ဂဇင်းများ
၂၇။ သင့်ဘ၀မဂ္ဂဇင်းများ
၂၈။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်
၂၉။ ခင်မမမျိုး ဆင်ရဲနွမ်းပါးမှုလျော့ချရေး
၃၀။ ဦးဘသန်း ၀တ္ထုတိုသုံးပုဒ်
၃၁။ ကြည်အေး ဖူးငုံပွင့်သစ်
၃၂။ မောင်တင်မြ အိမ်ပြန်ကြစို့လားဂျိမ်းရေ
၃၃။ ဆရာမိုး ပိုက်ဆံရောင်းရန်ရှိသည်
၃၅။ ဌေးဝေ ပုဂံမြို့တော် သမိုင်းသစ်
၃၆။ ဒဂုန်တာရာ မူးရစ်ဝေသော နွေဦးညများ
၃၇။ MKS ဒီမိုကရေစီသီအိုရီ အယူအဆများ
၃၈။ သခင်ဘသောင်း ဒီမိုကရေစီဆိုတာ
၃၉။ ဦးကိုလေး ဆရာကြီးဦးဘခင်တရားများ
၄၀။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသမိုင်းအစ
၄၁။ MKS ဒီမိုကရေစီဖော်ဆောင်ကူးပြောင်းခြင်း
၄၂။ သိန်းဟန် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲခြင်း
၄၃။ အောင်သူရ ခေါင်းဆောင်မှုဟူသည်နှင့် HR ဆောင်းပါးများ
၄၄။ နန္ဒ လေးရူးသုန်သုန်
၄၅။ မြသန်းတင့် အညတရရုပ်ပုံလွှာများ
၄၆။ ဖေမြင့် နှလုံးသားအဟာရစာစုများ
၄၇။ မောင်မိုးသူ အိပ်ဇိုးဒပ်
၄၈။ မောင်မောင်မြင့်သိန်း မိုက်ကယ်ဒဲလ်၏ အောင်မြင်မှုလျှို့ဝှက်ချက်များ
၄၉။ The Writing Of General Aung San
၅၀။ 29 Leadership Serects from Jack Welch
၅၁။ ကိုတာ တခြားတဘက်မှဆင်ခြင်ရန်အကြောင်းများ
၅၂။ ကိုတာ တွေးသူများ
၅၃။ ကိုတာ ဖောက်ထွက်တွေးခေါ်ခြင်း
၅၄။ ကိုတာ စိမ်းတဲ့မြေသို့အပြန်
၅၅။ ကိုတာ တောင်ရောက်မြောက်ရောက်ဆရာဝန်
၅၆။ မြသန်းတင့် ဧကရာဇ်တို့၏ဘဏာတိုက်များ
၅၇။ မြသန်းတင့် လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ
၅၈။ မြသန်းတင့် လဖက်ရည်ဆိုင်
၅၉။ ဥတ္တရလမင်း ခံစားသူအကြိုက်မဂ္ဂဇင်းဝတ္ထုတိုများ
၆၀။ နန္ဒသိန်းဇံ စီးပွားရေးနှင့်စစ်ရေးဗျူဟာ
၆၁။ ကျော်ဝင်း ပညာရှင်များ၏ နှစ်ဆယ့်တစ်ရာစု
၆၂။ ကျော်ဝင်း ထောင်စုသစ်အိုင်ဒီယာများ
၆၃။ ကျော်ဝင်း နှစ်ဆယ့်တစ်ရာစု သားရွှေဥ
၆၄။ ဦးရွှေအောင် ထေရ၀ါဒအုပ်မြစ်
၆၅။ ဦးရွှေအောင် ကုသိုလ်နှင့် အကုသိုလ်
၆၆။ ပါရဂူ မဟာလူသားဗုဒ္ဓ
၆၇။ ခက်မာ သားထံမှသင်ယူခြင်း
၆၈။ ခက်မာ ရွေ့လျားနေသောအိပ်မက်များ
၆၉။ မသီတာ စမ်းချောင်း အညိုမှသည် ကြက်သွေးနီသို့
၇၀။ ခင်ခင်ထူး အညာသူအညာသားကျွန်မဆွေမျိုးများ
၇၁။ ခင်ခင်ထူး ဖက်စိမ်းကွမ်းတောင်
၇၂။ မောင်စွမ်းရည် အဖေနဲ့အမေ ကဗျာများ
ခေါင်းမူးပြီလေ။
ပြီးမှထပ်ဖြည့်ပါဦးမည်။
‪#‎အမြဲတမ်းဖတ်တဲ့ဘယ်တော့မှဖတ်လို့မကုန်တဲ့စာအုပ်တခုကျန်သေးတယ်‬
Wikipedia

Tuesday, July 14, 2015

အတိတ်သွားရထားတစ်စင်း









'' ကြီးကြီးစိန်…ဘာမှာဦးမှာလဲ…"
"ခင်ရွှေ…သွားရအောင်ဟေ့…. နောက်ကျရင် အပြန်နေပူနေဦးမယ်…….."

             မနက်ဝေလီဝေလင်းအချိန်မှာ အမေဈေးသွားဖို့ ပြင်ဆင်နေတာပါ။ ရွာကလူတွေ ဈေးသွားဝယ်ကြရင် နှစ်ယောက်၊ သုံးယောက်အုပ်စုဖွဲ့ပြီး သွားလေ့ရှိပါတယ်။ ဈေးကရွာနဲ့ဆို တစ်မိုင်ကျော်ကျော်လောက် ဝေးပါတယ်။ ဈေးကို သွားဖို့ လမ်းနှစ်လမ်းရှိပါတယ်။ ရွာအနောက်ဘက်ကနေ ခဏလောက်လျှောက်သွားလိုက်ရင် ပေတစ်ရာ ကားလမ်းပေါ်ကိုရောက်ပါတယ်။ အဲဒီကနေ မြင်းလှည်း ဒါမှမဟုတ် ခြေကျင်လျှောက်ပြီး ဈေးဝယ်သွားကြတယ်။      နောက်တစ်လမ်းက ဖြတ်လမ်းပါ။ လယ်တော၊ယာတွေတွေကို ဖြတ်ပြီးသွားရတဲ့လမ်းကလေးရှိပါတယ်။ အများစုက မြင်းလှည်းဖိုး အကုန်အကျသက်သာအောင် ဈေးဖိုးအပိုရအောင် လမ်းလျှောက်သွားလေ့ရှိပါတယ်။ ဆေးလိပ်တို ပါးစပ်မှာကိုက်ဖွာရင်း သားရေးသမီးရေးနဲ့ ရွာထဲရပ်ထဲက ဟိုအကြောင်း ဒီအကြောင်းပြောရင်း
ဈးသွားကြတယ်။

         ဈေးဆိုပေမယ့် အကြီးကြီးမဟုတ်ပါဘူး။  ပေးသုံးရာပတ်လည်လောက်ပဲရှိတဲ့ ဈေးသေးသေးလေးပါ။ ၅ရက်မှာ တစ်နေ့ပဲ ဈေးက ရှိတာပါ။ ကျန်တဲ့နေတွေဆို ဈေးဝယ်သူနဲ့ ဈေးရောင်းသူက ဆယ်ဂဏန်းမပြည့်ပါဘူး။ အရပ်အခေါ်တော့ ၅ရက်တစ်ဈေးလို့ခေါ်လေ့ရှိပါတယ်။ ကျွန်တော်တို့နယ်တ၀ိုက်မှာ ဆပ်သွားဈေး၊ ချောင်းနက်ဈေး၊ တောင်တွင်းဈေး၊ ပရပ်ကြယ်ဈေးနဲ့ ကုက္ကိုခွဈေးဆိုပြီး ဈေးငါးခုရှိပါတယ်။ အဲဒီနေရာတွေမှာ တစ်နေ့တစ်နေရာစီ ဈေးကျင်းပတာပါ။ တစ်ဈေးနဲ့တစ်ဈေးဆိုလည်း အတော်လေးအလှမ်းဝေးပါတယ်။ ဒေသထွက်သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ငရုပ်သီး၊ဘူးသီးနဲ့ကြက်ဟင်းခါးသီးစတဲ့သီးနှံတွေကို ဒီနေ့ဒီဈေးမှာ ရောင်းလို့  မကုန်ရင် နောက်နေ့ နောက်တစ်ဈေးမှာ သွားရောင်းကြတယ်။ ဈေးဆိုပေမယ် အမြဲတမ်းဈေးမဟုတ်တော့ ဈေးဆိုင်တန်းက နှစ်ခုပဲ ရှိတယ်။ ကျန်တာတွေက မြေကြီးပေါ်မှာ ဖျာ၊ ဂုန်နီအိတ်နဲ့မြွေရေခွံအိတ်တွေခင်းပြီး ရောင်းချကြတယ်။ ကိုယ့်ယာခင်းကထွက်တဲ့ သီးနှံတွေချည်းဆိုတော့ အားလုံးက လတ်လတ်ဆတ်ဆတ် စွင့်စွင့်ကားကားနဲ့၊ ဆိုးဆေးမသုံး၊ အားလုံးက သဘာဝအတိုင်းသာ။ ဖရုံသီးရောင်းပြီး ကြက်ဟင်းခါးသီး တခြားသူဆီမှာ ပြန်ဝယ်။ ကြက်ဟင်းခါးသီးရောင်းပြီး ငရုပ်သီးပြန်ဝယ်နဲ့ ဈေးငယ်လေးဟာ စည်ကားသိုက်ဝန်းလို့။ ထုပ်ပိုးစရာရှိရင်လည်း ကြွပ်ကြွပ်အိတ်ကို မသုံး၊ အင်ရွက်နဲ ငပျောရွက်ကိုသာသုံးကြပါတယ်။ ဈေးတောင်ဘက်ခြမ်းမှာ ထမင်းဆိုင်နဲ့ မုန့်ဟင်းခါးဆိုင်တွေရှိပါတယ်။ ဘေးဘက်မှာဆိုရင် အကြော်စုံဆိုင်၊ မုန့်ပြားသလက်နဲ့ရေမုန့်ဆိုင်၊ မုန့်လုံးကြီး နဲ့ဆီကြော်မုန့်ဆိုင် နဲ့ တို့ဟူးဆိုင်တို့ စီရရီရှိနေတက်ပါတယ်။ မနက်ကိုးနာရီခွဲလောက်ဆို   ဈေးကွဲစပြုနေပါပြီ။ ရောင်းချသူတွေကလည်း ဈေးလျှော့ရောင်းလေ့ရှိပါတယ်။ သား၊သမီးနဲ့တူ၊တူမများစားသောက်ဖို့ သားရေစာဝယ်အပြီး   နေ့လည်စာချက်ပြုပ်ရန် 
 ဈေးခြင်းတောင်းခေါင်းပေါ်ရွက်ပြီး ပြန်ကြရတယ်။        
                                                      
       ကျွန်တော်တို့ကလေးများကတော့ အမေမုန့်ဘာဝယ်လာမလဲဆိုတာကို ရွာအပြင်ထွက်မျှော်ကြတယ်။ လယ်တောကိုဖြတ်ပြီး ဈေးကပြန်လာတဲ့သူတွေက ဟိုတစ်အုပ်၊ဒီတစ်အုပ်။ ဒီတစ်အုပ်ထဲ အမေမပါရင် နောက်တစ်အုပ်ကို ထပ်မျှော်ကြ။အမေက ဗိုက်ဘယ်လောက်စာစာ သားရေစာ ၊မုန့်ဟင်းခါးကို ဘယ်တော့မှ ဈေးမှာဝယ်မစား။ ဘာလို့လဲ မေးကြည်တော့ ဈေးမှာမစားဘဲ အိမ်ကို ၀ယ်လာတော့ တစ်အိမ်လုံးစားလို့ရလို့တဲ့။အမေက အဲဒီလိုမျိုး။ ကျွန်တော်တို့အတွက် အမေ၀ယ်လာလေ့ရှိတဲ့သားရေစာက မုန့်ပြားသလက်နဲ့ အကြော်စုံ၊ တို့ဟူးသုတ်တို့ ဖြစ်နေတက်ပါတယ်။ တစ်ယောက်ကို မုန့်ပြားသလက်နှစ်ခုနဲ့ အကြော်တစ်ခုရပါတယ်။ မုန့်ပြားသလက်နှစ်ခုကြားမှာ အကြော်ကိုညှပ်ပြီ စားလိုက်ရရင် ကျွန်တော်တို့မှာ ပျော်လို့ရွှင်လို့။ တစ်ခါတစ်ခါ မရွေးမုန့်ဝယ်လာတက်ပြန်တယ်။ ကျွန်တော်တို့ကလေးတွေက ဈေးကပြန်လာတဲ့သူနောက် အုပ်စုဖို့လိုက်လေ့ရှိတယ်။ တစ်အိမ်နဲ့တစ်အိမ်က အိမ်နီးချင်းဆွေမျိုးတွေမို့ ဈေးကပြန်လာရင် အားလုံးကို တန်းတူညီမျှ မုန့်ဝေပေးပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ကလေးတွေ အုပ်စုဖွဲ့ကစားရင်း တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေတာတွေ့ရင်   တွေ့တဲ့သူက ရန်စတဲ့သူ နိုင်ထက်စီးနင်းပြုတဲ့ ကလေးကို ရိုက်ပြီးဆုံးမပါတယ်။ အဲသလိုလုပ်တာကိုလည်း ဘယ်မိဘကမှ စိတ်မဆိုး၊ ကိုယ့်သားသမီးလိမ္မာရေးခြားရှိဖို့၊သိအောင်ဖို့ ဆုံးမတယ်လို့ပဲ မြင်ကြပါတယ်။ လသာတဲ့ညတွေဆို အဖေနဲ့အမေတို့က ၀ါးကွပ်ပြစ်ပေါ်မှာ ရေနွေးကြမ်းသောက်ရင်း   ဆေးနွေးတိုင်ပင်ကြ။    ကျွန်တော်တို့ကလေးတွေက ထုပ်စည်းထိုးတမ်း၊ စိန်ပြေးတမ်းနဲ့ ကြက်ဖခွက်တမ်း ကစားခဲ့ကြတယ်။ကစားလို့မောပြီးဆိုတော့မှ အမေရင်ခွင်ခေါင်းတိုးပြီး အိပ်ပျော်သွားတက်ကြတယ်။ မနက်မိုးလင်း အိပ်ယာထဲမှာ   ရောက်နေတယ်ဆိုတာ သိရတော့မှ ညက ဘယ်လိုအိပ်ပျော်လို့ ဘယ်သူက အိပ်ယာထဲရောက်အောင် ပွေ့ချီခဲ့တယ်ဆိုတာ မသိ။ ကွပ်ပြစ်ပေါ် အိပ်ခဲ့တယ်ဆိုတာပဲ သိနေခဲ့တာလေ။ ကလေးကစားစရာအရုပ်ဆိုလည်း ဘာဘီရုပ် တို့ ကားရုပ်တို့ဆိုတာ အိပ်မက်ထဲမှာတောင် မဆော့ခဲ့ဘူး၊ မကစားခဲ့ဘူးပါ။ အုန်းလက်ကို မြင်းလုပ်စီး၊ အဖေလုပ်ပေးတဲ့ သစ်သားနွားရုပ်ကို လည်းပင်းမှာကြိုးချည် ရှေ့က ကိုယ်ကဆွဲ ဒီလိုပဲ ကစားခဲ့ကြတာပါ။ အမေနဲ့အမေကလည်း စားဝတ်နေရေးအတွက် နေ့တဒူဝ လုံးပန်းနေလေတော့ ဟင်းကောင်းကောင်းမချက်အား။ လယ်တော့ကပြန်လာမှချက်တဲ့ ဟင်းတစ်ခွက်နဲ့ မကျည်းရွက်ချဉ်ရေဟင်း၊ငါးရုပ်သီးထောင်းဆို စားသောက်ဖို့လုံလောက်နေခဲ့တယ်။ ဟင်းချက်စရာ အသား၊ငါးဆိုတာ တစ်ပတ်မှ အ၀က်သား၊အစိတ်သားဝယ်ပြီးချက်၊ တစ်ယောက်ကို တနပ်နှစ်တုံးအတိပဲ။ပိုမရဘူး။ဟင်းနှစ်ပဲ ရတယ်။ ဒီလိုစားသောက်ရတယ်ဆိုတာ ကျွန်တော်တို့တစ်မိသားစုတည်း မဟုတ်ပါဘူး။ တစ်ရွာလုံးနီးပါးပါ။ အားလုံးကတောင်သူလယ်သမားတွေဆိုတော့ မူးစု၊ပဲစု၊ ရသလောက်စုကာ သားရေး၊သမီးရေး ပညာရေး၊လူမှုရေးနဲ့ လုံးချာလည်နေကြတာပါ။ ခုနေပြန်စဉ်းစားတော့   တောင်သူလယ်သမားတွေဘ၀  တော်တော်သနားစရာကောင်းမှန်း သိလာရတယ်။ မြန်မာနိုင်ငံမှာ ထမင်းငတ်သေတဲ့မသာမရှိဘူးလို့ ကြွေးကြော်ခဲ့ပေမယ့် တကယ်တော့ မသေအောင်တမယ်ပဲ စားသောက်နေထိုင်နေကြရတယ်ဆိုတာတော့ ဒုနဲ့ဒေးရှိနေခဲ့တယ်။ ရှိနေဆဲပဲ ဆိုတာကို သိခဲ့ရပါတယ်။

              အခုတစ်လောကျွန်တော့အိပ်မက်တွေက ကျွန်တော်မွေးဖွားကြီးပြင်းခဲ့ရာ ရွာကလေးနဲ့ သူငယ်ချင်းများဖြစ်ပါတယ်။ကျွန်တော့်ရဲ့မွေးရပ်မြေမှာ ညအခါ လျှပ်စစ်မီးမရှိဘူး၊ လက်ဖက်ရည်ဆိုင်လည်းမရှိပါဘူး။ ဒါပေမယ့် လွမ်းမောချိုမြိန်ဖွယ် အတိတ်နဲ့ ကြည်းနှုးဖွယ်ရာ အချိန်တွေရှိနေခဲ့ဘူးတယ်လေ။ တခြားသူတွေ အိပ်မက်ကိုစီနဲ့ ရှေ့ကို ခရီးနှင်နေပေမယ်လည်း  ကျွန်တော့အိပ်မက်တွေကတော့ စက်ဝိုင်းဝိုင်းတစ်ခုလို အချိန်တွေကြားလာသည်နှင့်အမျှ စတင်ထွက်ခွာခဲ့ရာဆီသို့ ဦးတည်ပြန်လည်သွားနေခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် ကိုယ်ဆုံးဖြတ်ချက်မှာ ကိုယ်ပျော်မွေ့ဖို့က အရေးအကြီးဆုံးပဲ မဟုတ်လား။

Monday, July 6, 2015

သံဝေဂ

ဘ၀တိုတိုမှာ
အရသာချိုချိုရှာ
ငါ...ငါ... ဘာမှမတွေ့ပါလား

သူငယ်ချင်းရေ






သူငယ်ချင်းရေ………
ဒီစာမင်းဆီကို ချောချောမောမောရောက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ မင်းဆီကို စာရေးချင်နေတာကြာပါပြီ။ ဒါပေမယ့် အလုပ်ကတစ်ဖတ် မိသားစုအရေးက တစ်ဖတ်နဲ့ ဆိုတော့ မရေးဖြစ်တာပါ။ ဒါနဲ့ မင်းရော အဆင်ပြေရဲ့လား သူငယ်ချင်း…မင်း ကြိုးစားသမျှ အရာမထင်ဖြစ်နေလို့ စိတ်ညစ်နေတဲ့အကြောင်း အန်တီသွယ်ဆီက ကြားရလို့ ငါစိတ်မကောင်းဘူး……သူငယ်ချင်း
လူတိုင်းဘ၀မှာ အဆင်ပြေချောမွေ့ပြီး အောင်မြင်တဲ့ဘ၀ကို ပိုင်ဆိုင်ချင်ကြတာ ချည်းပဲ သူငယ်ချင်း…ဒါကြောင့်လည်း အချိန်တိုင်းမှာ “အလုပ်” “အလုပ်” ဆိုပြီး မင်းဘ၀ကို နှစ်မြှုပ်ပြီး အလုပ်လုပ်နေတယ်ဆိုတာ ငါသိပါတယ်။ သူငယ်ချင်းရေ မင်းဒီစာကို ဖတ်နေတဲ့အချိန်မှာ ငါတော့အသက်ကြီးသွားပြီး၊ ဘ၀မှာ ငါဖြစ်ချင်တာဖြစ်မှာမဟုတ်တော့ပါဘူး။ ငါရည်ရွယ်ထားတဲ့ ရည်မှန်းချက်တွေ ဒီဘ၀တော့ ဖြစ်မှာမဟုတ်တော့ဘူး (ဒါမှမဟုတ်) ငါတော့ ငယ်သေးတယ်။ အောင်မြင်ဖို့ မဖြစ်နိုင်သေးဘူးဘူးလေ ဆိုပြီးတော့ရော တွေးနေမိသလား……………
အောင်မြင်မှုဆိုတာ အပြေးပြိုင်ပွဲတစ်ခု မဟုတ်ဘူး...သူငယ်ချင်း အောင်မြင်ဖို့ဆိုတာ အချိန်လိုတယ်…… နောက်ပြီး အောင်မြင်မှုဆိုတာ အသက်ကြီးလို့ ၊ ငယ်သေးလို့ ဆိုတာနဲ့လည်း မဆိုင်ဘူး… ကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ ဆောင်မြင်သူတွေ၊ ခေါင်းဆောင်တွေဆိုတာ ဒီအတိုင်းဖြတ်ကနဲ့ ဖြစ်လာကြတာမဟုတ်ဘူး… သူတို့ရဲ့ အတွေ့အကြုံ၊ အသိညဏ်ပညာတွေ ကြီးမားရင့်သန်တဲ့အချိန်ကြမှ သူတို့ရည်မှန်းချက်ကို ရရှိပိုင်ဆိုင်ပြီး အောင်မြင်လာကြတာ။ အောင်မြင်ဖို့ဆိုတာ အသက်အရွယ်က အဓိက မကျပါဘူး။ မင်းအဲဒီအတွက် စိုးရိမ်နေတယ်ဆိုရင် အောက်ကပုံကို သေသေချာချာ လေ့လာကြည့်ကြည့်ကွာ။ မင်းအတွက် မှန်ကန်တဲ့တွန်းအားပေးမှုတစ်ခုတော့ ရစေမှာပါ။ အောင်မြင်မှုရဖို့ ဆန္ဒစောနေပြီးဆိုလျှင် မင်းလုပ်သမျှဟာ အမှားတွေချည်းဖြစ်နေလိမ့်မယ်။ နောက်တော့ အဲဒီအမှားတွေကို့ ထပ်တလဲလဲ ပြင်နေရရလိမ့်မယ်…သူငယ်ချင်း …. အဲဒါတွေက မနိုင်မနင်းပြသနာကြီးတွေအဖြစ် ကြီးထွားမလာခင်မှာ စောစောပြင်လိုက်စေချင်တယ်……
ဒီတော့ ငါမင်းကို အကောင်းဆုံးအကြံပေးချင်တယ် သူငယ်ချင်း……. ရိုသေလေးစားထိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဆိုတာ သူတို့ဘ၀အချိန်တွေကို သူတို့လေ့လာလိုက်စားတဲ့ နယ်ပယ်အသီးသီးမှာ ပေးဆပ်စတေးခဲ့ကြတာချည်းပဲ။ အောင်မြင်ဖို့အတွက် အလွယ်လမ်း မလိုက်ကြဘူး။ အဲဒီအစား သူတို့ဟာ သင်ကြားလေ့လာ ပြီးတော့ ပြန်အသုံးချတဲ့ ဖြစ်စဉ်ထဲမှာ သူတို့ကို သူတို့နှစ်မြှုပ်ထားကြတယ်။ သူတို့ခံယူထားတဲ့ 
မဆုတ်မနစ်သောစိတ်ဓာက်နဲ့ စိတ်ရှည်လက်ရှည် ကြိုးစားမှုတွေကြောင့်သာ အောင်မြင်မှုဆိုတဲ့ သရဖူကို သူတို့ ရကြရတာ……..
ဒါကြောင့်မို့ နောက်တစ်ကြိမ် မင်းအလုပ်၊ မင်းကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တွေနဲ့ပတ်သတ်ပြီး ရရှိပိုင်ဆိုင်ဖို့ နောက်ကျနေပြီ (သို့မဟုတ်) ဒီဘ၀တော့ မရနိုင်တော့ပါဘူးလို့ ခံစားရတိုင်း စိတ်ပူပန်သောကရောက်မနေပါနဲ့လို့ ပြောချင်တယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ ဇွဲရှိရှိနဲ့ ကြိုစားလုပ်ကိုင်နေတဲ့သူဆီကို အောင်မြင်မှုဆိုတာ တစ်နေ့ မလွဲမသွေရောက်လာ တတ်ကြစမြဲပါလို့ ပြောရင်းနဲ့ စာလည်းရှည်နေပြီမို့ ဒီမှာပဲ စာကိုရပ်လိုက်ပါရစေကွာ။

မင်းရဲ့သူငယ်ချင်း