Thursday, August 30, 2018

ဘဝမှာ အောင်မြင်ဖို့ IQ နဲ့ EQ သာမက AQ ပါ လိုတယ်

ဘဝမှာ အောင်မြင်ဖို့ IQ နဲ့ EQ သာမက AQ ပါ လိုတယ်
+++++++++++++++++++++++++++++++++++++
လူတော်များများက ဘဝမှာ အောင်မြင်ဖို့ IQ ထက် EQ ပိုလိုကြောင်း ပြောကြတယ်။ AQ လို့ခေါ်တဲ့ (adversity quotient) ကို ပြီးခဲ့ နှစ်ပတ်လောက်က တက်ခဲ့ရတဲ့ strategic negotiation သင်တန်းတစ်ခုမှာမှ စကြားဖူးတာပါ။
ပြောရရင် AQ (adversity quotient) ဆိုတာ အခက်အခဲ ဒုက္ခ ကိုခံနိုင်ရည် ရှိမှုလို့ အကြမ်းဖြင်း နားလည်ပါတယ်။ နောက်တစ်မျိုးပြောရရင် အခက်အခဲတွေ စိန်ခေါ်မှုတွေ ကြုံတဲ့ အခါ လွယ်လွယ်နဲ့ အလျော့မပေးတတ်တဲ့ အရည်အချင်းလိုလဲ အဓိပ္ပာယ်ရပါတယ်။
သင်တန်းမှာ သင်တန်း ဆရာက ကိုယ်ရဲ့  အလုပ်နဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ AQ ဟာ မရှိမဖြစ် လိုတယ် ဆိုပြီး ထည့်ပြောသွားတာပါ။
အဲဒါနဲ့ စိတ်ဝင်စားပြီး လေ့လာမိပါတယ်။ ဒီ AQ ကို ဒေါက်တာ Paul Stoltz နဲ့သူ့ research အဖွဲ့က 1997 ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တာပါ။ သူက Adversity Quotient: Turning Obstacles into Opportunities ဆိုတဲ့ စာအုပ် နဲ့ Adversity Quotient @ work စာအုပ် ၂ အုပ်လည်း ရေးခဲ့ပါသေးတယ်။
Dr. Paul Stoltz က AQ ကို စံလေးခုနဲ့ တိုင်းပါတယ်တဲ့။ အဲဒါတွေက
နံပတ် (၁) control ဒုက္ခ ကြုံချိန်မှာ ကိုယ့်ကိုကိုယ် ဘယ်လောက် ထိန်းသိမ်းနိုင်သလဲ
နံပတ် (၂) ownership ဒုက္ခ ကြုံချိန်မှာ ကိုယ့်ကိုကိုယ် ဘယ်လောက် တာဝန်ယူမှု ရှိပြီး အခက်အခဲကို ရင်ဆိုင်သလဲ
နံပတ် (၃) reach ဒုက္ခ ကြုံချိန်မှာ ရှေဆက်ပြီး ဘယ်လောက်ဝေးဝေး ထပ်သွား ထပ်ကြိုစားနိုင်သေးသလဲ
နံပတ် (၄) endurance ဒုက္ခ ကြုံချိန်မှာ ဘယ်လောက် သည်းခံနိုင်မှု ရှိလဲ စတဲ့ စံ ၄ ခုနဲ့ တိုင်းတာပါတယ်တဲ့။
အဲဒါတွေနဲ့ တိုင်းတာပြီး အမှတ်ပေးရရင် AQ အများဆုံးရမဲ့ နာမည်ကြီး ပုဂ္ဂိုလ်က သမ္မတကြီး လင်ကွန်းပါတဲ့..။ သမ္မတကြီးလင်ကွန်းဟာ ဘဝမှာ ကြီးကြီးမားမာ ရှုံးနိမ့်မှုပေါင်း ၁၂ ကြိမ်ခန့် ကြုံပီးမှ အမေရိကန်ရဲ့  ၁၆ ယောက်မြောက် သမ္မတ ဖြစ်လာခဲ့တာပါ.။ သူလိုရှုံးနိမ့်မှု မျိုးတစ်ခုလောက် ကြုံတာနဲ့ ဘဝကို အရှုံး ပေးသွားကြတဲ့ လူအများအပြား ရှိပါတယ်တဲ့။
ဒီ AQ အကြောင်း အရာ နဲ့ပတ်သက်ပြီး ကျနော် ဘဝ အကြောင်းလေး ဝေမျှ ချင်ပါတယ်။ စင်ကာပူ စရောက်တော့ contractor QC ဘဝနဲ့ စလုပ်ရတာပါ။ ပြောရရင် နေ့စား အလုပ်သမား သာသာ ပါပဲ။ အလုပ်က ပေးတဲ့ အဆောင်မှာ လူအများကြီးနဲ့ စုနေရတယ်။ ရတဲ့ လစာလည်း အရမ်းနည်းတယ်။ နောက် ပြီး သဘောင်္ကျင်းမှာ လုပ်ရတဲ့ ပင်ပန်းတဲ့အလုပ်ပါ။ အဲဒီ အလုပ်မှာ ၂ နှစ်လုပ်ပြီး နောက် အပြင်က ဒီထက် လစာပိုကောင်းတဲ့ အလုပ်တစ်ခုပြောင်းတော့ Drafter ပုံဆွဲသူဖြစ် အလုပ်ရတယ်။
အမှန်က Auto Cad ကိုမြန်မာ ပြည်မှာ မသင်ခဲ့ဖူးပါဘူး။ စလုံးရောက်မှာ ရောဘတ် တင်အေး စာအုပ်ကြည့်ပြီး လေ့လာတယ်။ Auto Cad နည်းနည်း သိတဲ့ စီနီယာ အကို တစ်ယောက်ကိုမေးတယ်။ နောက်ပြီး ကျနော်တို့က ပိုက်လိုင်း QC ဆိုတော့ ISO Drawing တစ်ကြောင်း ပုံတွေပဲ ဆွဲရတာ ဆိုတော့ အရမ်းလွယ်ပါတယ်။
အလုပ်သစ်မှာ ပထမ ဦးဆုံး ဆွဲရတာက Storage Tank ပုံကြီးနဲ့ အထဲမှာ ပြေးနေတဲ့ ပိုက်လိုင်းတွေ ဆွဲရတာပါ။ အဲဒီမှာ စတွေ့တာပါပဲ.။ Tank ကလည်း အကြီးကြီးပါ။ အထဲထဲက ပိုက်တွေ ကလည်း ရှုပ်ထွေးနေတာပါ။
အဲဒါကို ကြည့်ပြီး ကိုယ်က Manufacturing နဲ့ Fabrication ပုံတွေ ထွက်အောင် ပြန်ဆွဲရမှာပါ။ ပြောရရင် အဲဒီအချိန်မှာ ကိုယ်က Auto Cad နဲ့ line weight တောင် မပြောင်းတတ်သေးပါဘူး။
အဲဒါနဲ့ ကိုယ်က ကိုယ်နားလည် သလို ဆွဲပြီး သူဌေးကို သွားပြတော့.။ စလုံး သူဌေးက ခဏကြည့်ပြီး မင်း မစ်ကီမောက်စ့် ကိုသိလားတဲ့..။ ကိုယ့်က ပထမ နားမလည်ဘူး သူဘာကို ဆိုလိုချင်မှန်း။ သိတယ်လေလို့ ကာတွန်းကား ရှိတယ်လေ လို့တောင် ပြန်ပြောလိုက်သေးတယ်။ နောက်မှ သူက စိတ်မရှည်ပဲ မင်းပုံက ကာတွန်းဆွဲထားတဲ့ အဆင့်ပဲ ရှိတယ်တဲ့..။ Engineering ပုံ မဟုတ်ဘူးတဲ့။
ကိုယ့်ကို တော်တော် စိတ်ပျက်သွားပြီး ဒီကောင့်ကို ခန့်မိတာ မှားပြီး ဆိုတဲ့ ပုံပေါက်နေပါတယ်။ ကိုယ်ကိုကိုယ်လဲ ထင်လိုက်တယ်။ ငါတော့ မကြာခင် အလုပ် ဖြုတ်ခံ၇တော့မယ်လို့..။ အဲဒါနဲ့ အိမ်ပြန်ရောက်တော့ တစ်အိမ်ထဲ အတူနေတဲ့ ကိုသီဟကို ပြောပြတယ်။ သူက ကျနော်ကို Auto Cad သင်ပေးတဲ့ ဆရာတစ်ယောက်လဲ ဖြစ်ပါတယ်။ သူက ကျနော့်ကို ညဖက်မှာ ကူဆွဲပေးတယ်။ အဲလိုကောင်းခဲ့တဲ့ သူပါ။ ကျနော့် ကျေးဇူးရှင်လို့လဲ ပြောလို့ရပါတယ်။
ဒါပေမဲ့ သူက အိမ် Interior ပိုင်းတွေ ဆွဲတဲ့ သူဆိုတော့ ကျနော်တို့ အပိုင်းတွေ သိပ်မသိဘူး။ အဲဒါနဲ့ နောက်ရက်တွေ ရုံးစောစော သွားတယ်။ ရုံးရောက်တာနဲ့ ပုံဟောင်းတွေ လေ့လာတယ်။ ဖြစ်ချင်တော့ အဲလိုမျိုး Tank က အဲဒီ ကုမ္ပဏီမှာ ပထမဆုံး လာအပ်တဲ့ အလုပ်တဲ့။
ဒါပေမယ့် သဘောတရားတူတဲ့ ဟာတွေကို လိုက်တု ဆွဲတယ်။ ရုံကပြန်ရင် သတင်းစာ ဝယ်ပြီး အလုပ်ရှာတယ်။ သူဌေးက ငါ့ကို အနှေးနဲ့ အမြန် ထုတ်ပစ်မှာပဲလို ကိုယ်စိတ်ကို ပိုင်းဖြတ်ထားတယ်။ သူဌေးကလဲ အဲဒီ အချိန်က စလို့ အင်တာဗျူးတွေ ခေါ်တယ်။ ကိုယ့်နေရာခန့်ဖို့။ ဒါပေမဲ့ ကိုယ်ကလည်း ကိုယ်လုပ်စရာရှိတာ လုပ်တယ်။
ရုံးရောက်ရင် ပုံဟောင်းတွေ လေ့လာပြီး ပိုကောင်းသတဲ့ကောင်းအောင် ဆွဲတယ်။
အမှန်ကိုယ့်ဟာကိုယ် AQ တိုးတက်အောင် လုပ်မိနေမှန်း မသိဘူး။ ဒီအကြောင်း လေ့လာမိမှ သိတယ်။ ကိုယ်ပုံဆွဲတာ တိုးတက်လာလို့လား မသိဘူး အင်တာဗျူး နောက်ထပ် ခေါ်တာ မတွေ့ ရတော့ဘူး။ အဲလို နဲ့ အဲကုမ္ပဏီမှာ မြဲသွားပြီး တနှစ်အကြာမှာ Assistance Engineer အဖြစ်ရာထူး တိုးပေးခံရတယ်။ အဲကုမ္ပဏီမှာ ၂ နှစ်ခွဲလောက် လုပ်ခဲ့ရတယ်။
ကျနော်သင်ယူမိတာက ဘဝမှာ နောက်ထပ် တဆင့်မြင့်တဲ့ နေရာရောက်ဖို့ ကြိုးစားတိုင်း အခက်အခဲတွေ ဒင်းကြမ်း ပြည့်နေတယ်။ ကိုယ်ဘယ်လောက်ထိ သည်းခံကျော်ဖြတ်နိုင်သလဲ အဲဒီပေါ်မှာ မူတည်ပြီး ရလဒ်တွေ ပြောင်းသွားမယ် ထင်ပါတယ်။
သမိုင်းကို လေ့လာကြည့်ရင်လည်း ဥပမာ အများအပြား တွေ့ရနိုင်ပါတယ်။ AQ ကို ကောင်းကောင်း manage လုပ်နိုင်တဲ့ သူပဲ အမြင့်ဆုံး ရောက်သွားခဲ့တယ်။ Soichiro Honda ဟာ သူသွားဖြေတဲ့ Toyota Motor Corporation ရဲ့ အင်တာဗျူးမှာ မအောင်မြင်ခဲ့ပေမဲ့ သူရဲ့ ကမ္ဘာကျော် Honda Motor Co. Ltd ကိုတည်ထောင် နိုင်ခဲ့ပါတယ်။
အက်ဒီဆင်ဟာ ရထား နောက်တွဲထဲက အခန်းမှာ စိတ်မပျက်အား မလျော့ပဲ ကိုယ်ဝါသနာ တစိုက်မတ်မတ် လုပ်ခဲ့တဲ့တဲ့ အတွက် ကမ္ဘာ ကျော် သိပ္ပံ ပညာရှင်ကြီး ဖြစ်ခဲ့တယ်။
အလီဘာဘာရဲ့ သူဌေးကြီး ဂျက်မားဟာ KFC ကြက်ကျော်ဆိုင်က အင်တာဗျူး မအောင်မြင်ခဲ့ပေမဲ့ သူရဲ့ AQ ကိုတိုးတက်အောင် လုပ်ခဲ့တယ်။ AQ ရဲ့ အင်္ဂါရပ် ၄ ချက်ဖြစ်တဲ့ ကိုယ့်ကိုကိုယ် control လုပ်တယ်။ ownership လို့ခေါ်တဲ့ ကိုယ်ကိုကိုယ်တာဝန်ယူပြီး တိုးတက်အောင်လုပ်တယ်။ reach လိုခေါ်တဲ့ သူလုပ်လို့ ရသမျှ ဆက်လုပ်ပြီး ရှေ့ရောက်နိုင်သမျှ ရှေ့ဆက်သွားတယ်။ သူတို့ ကုမ္ပဏီဟာ စထောင်ပြီး သည်မှ ၅ နှစ်တိုင်အောင် ဝင်ငွေ ရယ်လို့ တိတိပပ မရပါဘူးတဲ့။
ဒါပေမဲ့ အောင်ကို အောင်မြင်မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ရှေ့ဆက်ခဲ့တယ်။ endurance လို့ခေါ်တဲ့ အခက်အခဲ မျိုးစုံကို သီးခံခဲ့တဲ့ အတွက် နောက်ဆုံးမှာ ဘီလီယံနာ သူဌေးကြီး ဖြစ်ခဲ့တယ်။
မြန်မာ့ သမိုင်းမှာလည်း ဘုရင်နောင်လည်း လက်မမှာ အပ်စိုက်ပြီး လက်မတွန့်တဲ့သူကို သူရဲကောင်း အဖြစ်ရွေးချယ်ခဲ့တဲ့ သာတက ရှိခဲ့ပါတယ်။ ဒါလည်း ခံနိုင်ရည်ရှိမှုဆိုတဲ့ AQ ကိုစမ်းသပ်တာ ဖြစ်နိုင်ပါတယ်။
ပြောရရင် AQ ကို ကောင်းကောင်း manage လုပ်လို့ အောင်မြင်သွားတဲ့ သာတကတွေ အများအပြားရှိပါသေးတယ်။
အဲဒါကြောင့် အောင်မြင်တဲ့ ဘဝ တစ်ခုရဖို့ IQ လို့ ခေါ်တဲ့ ခေါင်းကောင်းယုံ EQ လို့ခေါ်တဲ့ စိတ်ထိန်းချုပ်မှု ကောင်းယုံတင် မဟုတ်ဘူး။ AQ လို့ခေါ်တဲ့ အခက်အခဲကြုံတဲ့အခါ ကြံကြံခံနိုင်တဲ့ သည်းခံနိုင်မှုပါ အရမ်းကြီးပါတယ်။
AQ ကောင်းတဲ့သူတွေဟာ အလုပ်ကို ပြီးမြောက် အောင်မြင်အောင် လုပ်နိုင်ကြတယ်။ ထုတ်လုပ်မှု စွမ်းအားနဲ့ တီထွင်ဖန်တီး နိုင်မှုမှာလည်း အားကောင်းကြတယ်။
လေ့လာ မှုတွေအရ တူညီတဲ့ ခွဲစိတ်ခံရ သူနှစ်ဦးမှာ AQ ကောင်းသူက အနာမြန်မြန် ကျက်ပါတယ်တဲ့။ အလုပ်ထဲမှာလည်း AQ ကောင်းတဲ့သူက ရာထူး မြန်မြန်တိုးတတ်ပါတယ်တဲ့။
အခုဆိုရင် Harvard Business School မှာ AQ နဲ့ ပတ်သက်တဲ့ သင်ရိုးတစ်ခု ထပ်ထည့်ဖို့ ကြိုးစားနေပါပြီ။ PEAK လို့ခေါ်တဲ့ organisation တစ်ခုကလည်း AQ နဲ့ ပတ်သက်တဲ့ ဒီထက် ပိုမိုနက်နဲတဲ့ research တွေ လုပ်နေပါပြီ။
ကျနော်အရမ်းကြိုက်တဲ့ စာသားလေး နဲ့ အဆုံးသတ်ချင်ပါတယ်။ အဲဒါက
"Tough times don’t last, but tough people do.’ တဲ့။
"...အခက်အခဲ ဆိုတာ အကြာကြီး ရှိမနေတတ်ပါဘူး။ ဒါပေမဲ့ စိတ်ဓါတ်ခိုင်မာတဲ့ သူတွေပဲ ဖြတ်ကျော်နိုင်ပါတယ်တဲ့..."
ဒါကြောင့် အခက်အခဲ ကြုံပီဆိုရင် ငါ့ရဲ့ AQ ကို စမ်းသပ်နေပါလား ဆိုပြီး သတိရပါ။ ကိုယ့်ရဲ့ AQ ကို တိုးတက် သတဲ့ တိုးတက်အောင် လုပ်ရင်း ဘဝ အောင်မြင်မှုတွေ ဆွတ်ခူး နိုင်ပါစေ။

No comments:

Post a Comment